daily bread

ဘုရားသခင်သည် မည်သို့သောဘုရားနည်း

Admin

, Author

ဖတ်ရန်: ဟေဗြဲ ၁း၁-၁၀ | သမ္မာကျမ်းစာတစ်နှစ်စာ: □ ယောဘ ၂၀-၂၁ □ တ ၁၀း၂၄-၄၈
ထိုသားတော်သည် ဘုရားသခင်၏ ဘုန်းတော်ရောင်ခြည်နှင့် ဇာတိအဖြစ်တော်၏ ပုံသဏ္ဌာန်ဖြစ်၍…။ (း၃)
အထူးအစီအစဉ်တစ်ခုကို ဆင်နွဲရန် ကျွန်မခင်ပွန်းသည်က ကျွန်မကို ဒေသတွင်းရှိ ပန်းချီပြခန်းသို့ ခေါ်သွားပြီး လက်ဆောင်အဖြစ် ပန်းချီကားတစ်ချပ်ရွေးရန် ပြောသည်။ သို့နှင့် တောအုပ်ကို ဖြတ်သန်းစီးဆင်းနေသည့် စမ်းချောင်းပုံပန်းချီကားကို ကျွန်မ ရွေးလိုက်သည်။ ရေမျက်နှာပြင်က နေရာယူထားသောကြောင့် ပန်းချီကားထဲ၌ ကောင်းကင်ကို မမြင်ရပေ။ သို့သော် စမ်းချောင်းလေးက သစ်ပင်ထိပ်ဖျားနှင့် မှုန်ရီမှိုင်းပျနေသော ပတ်ဝန်းကျင်ကို အလင်းပြန် ထင်ဟပ်ဖော်ပြနေသည်။ ကောင်းကင်ကို မြင်လိုပါက ကြည့်နိုင်သည့်နည်းမှာ ရေမျက်နှာပြင်ကို ကြည့်ရုံပင် ဖြစ်သည်။

ဝိညာဉ်ရေးရာသဘောတရားအရ သခင်ယေရှုသည်ထိုစမ်းချောင်းလေးကဲ့သို့ပင် ဖြစ်ပါသည်။ ဘုရားသခင် မည်သူဖြစ်ကြောင်း ကျွန်ုပ်တို့သိလိုသောအခါ သခင်ယေရှုကို ကျွန်ုပ်တို့ ကြည့်ရပါသည်။ ဟေဗြဲဩဝါဒစာ ရေးသူက ထိုသခင်သည် ‘‘ဘုရားသခင်၏ ဘုန်းတော်ရောင်ခြည်နှင့် ဇာတိအဖြစ်တော်၏ပုံသဏ္ဌာန်ဖြစ်’’ ကြောင်း ဖော်ပြထားသည် (၁း၃)။ ‘‘ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏’’ စသည့်ကျမ်းစာမှ တိုက်ရိုက် ဖော်ပြမှုအားဖြင့် ဘုရားသခင်အကြောင်း ကျွန်ုပ်တို့ သင်ယူနိုင်ပါသည်။ သို့သော် ဤ ကမ္ဘာမြေပေါ်တွင် မိမိတွေ့ကြုံနေရသောအရာများကို ဘုရားသခင်မည်သို့ တုံ့ပြန်မည်ကို ကြည့်ရှုသင်ယူခြင်းဖြင့် ကျွန်ုပ်တို့၏အသိနားလည်မှုကို ပို၍နက်ရှိုင်းစေနိုင်ပါသည်။ လူသားဇာတိခံယူသည့် ဘုရားအဖြစ်တော်ကို သခင်ယေရှု ကျွန်ုပ်တို့အား ပြသခဲ့သည်။

စုံစမ်းနှောင့်ယှက်ခြင်းခံရစဉ် သခင်ယေရှုသည် ဘုရားသခင်၏ သန့်ရှင်းခြင်းကို ပြသခဲ့သည်။ ဝိညာဉ်ရေးရာ အမှောင်ကျချိန်ကို ရင်ဆိုင်ကြုံတွေ့ခဲ့စဉ် ဘုရားသခင်၏ ဘုန်းအာနုဘော်တော်ကို ဖော်ပြခဲ့သည်။ လူသားတို့၏ ပြဿနာများနှင့် ရုန်းကန်ရင်း

ဘုရားရှင်၏ဉာဏ်ပညာတော်ကို ပြခဲ့သည်။ နောက်ဆုံး သခင်၏အသေခံခြင်းတွင်ပင် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ဖော်ပြခဲ့သည်။
အကန့်အသတ်ရှိသော ကျွန်ုပ်တို့၏အသိဉာဏ်ဖြင့် အတိုင်းအဆမဲ့သည့် ဘုရားရှင်၏အကြောင်း အလုံးစုံကို မသိနိုင်သော်လည်း ကျွန်ုပ်တို့သည် ခရစ်တော်ကို မျှော်ကြည့်သော် ကိုယ်တော်၏သဏ္ဌာန်တော်ကို အတိအလင်းသိရှိနိုင်ပါသည်။ JENNIFER BENSON SCHULDT

အိုအဘဘုရား၊ ကျွန်ုပ်တို့ကိုယ်တော့်ကို သိကျွမ်းနိုင်ရေးအတွက် နည်းလမ်းပြင်ဆင်ပေးသောကြောင့် ကျေးဇူးတင်ပါ၏။
သခင်ယေရှုကို မျှော်ကြည့်ရင်း ကိုယ်တော်နှင့် သာ၍ နီးစေရန် ကူမတော်မူပါ။
သခင်ယေရှုကို မျှော်ကြည့်ခြင်းဖြင့် ဘုရားသခင်၏သဏ္ဌာန်တော်ကို မြင်ရ၏။

Please follow and like us:

Leave a Reply

Your email address will not be published. Required fields are marked *